တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” သာသနာပြု ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူ ဇော်ပွဲအခမ်းအနားတက်ရောက်

အမာ ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ကမန္တာကျေးရွာ၊ စိတ္တသုခကျောင်း၊ ဓမ္မာရုံ၌ ယနေ့ နံနက် (၁၀)နာရီအချိန်က အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ” သာသနာပြုဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တနန္ဒိယမထေရ်မြတ်အား ထပ်ဆင့်ချီးကျူး ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ထန်းပင်ကျောင်း ဆရာတော် ဘဒ္ဒန္တဝေပုလ္လမထေရ်မြတ်ထံမှ သရဏဂုံ(၃)ပါးနှင့် တကွ ငါးပါးသီလခံယူဆောက် တည်ခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီးတို့က စိတ္တသုခကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တနန္ဒိယ မထေရ်မြတ်အား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကမန္တာကျေးရွာ၊ ဘုရားလေးကျောင်းတိုက်၊ ဓမ္မာရုံတွင် အမာမြို့အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။

နော်လေးလီယန်