ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး နယ်လှည့် ကွင်းဆင်း ထိုးနှံပေး

ဟင်္သာတ ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံရန်နှင့် ကျန်ရှိသော ဒေသခံပြည်သူများကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ယနေ့ နံနက် ၉  နာရီအချိန်က ဟင်္သာတမြို့ ပဒေသာစျေးကြီးအတွင်း စျေးခေါင်းရုံးတွင် စျေးသူ/စျေးသားများအား  ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာညီညီလွင် ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲ၍ ရပ်ကွက်၊ ကျေးရွာများတွင်လည်း ကွင်းဆင်း ထိုးနှံပေးနေကြောင်း သိရပြီး ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေး လာရောက်ထိုးနှံရာ၌ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများက ကွင်းဆင်း ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် တစ်မြို့နယ်လုံး ကာကွယ်ဆေး ထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ် ရပ်ကွက်နှင့် ကျေးရွာများသို့ နယ်လှည့် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ကျန်ရှိသူများကို ဆက်လက် ထိုးနှံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်ထံမှ သိရသည်။

ကိုဇော်-ဟင်္သာတ