မုံရွာ ဧပြီ ၂၃
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ( Book Club ) ၏ (၆၁) ကြိမ်မြောက် စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ Book Club အဖွဲ့ဝင်များ၊ စာရေးဆရာ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး စာရေးဆရာ မောင်နေညို (ပုလဲ) ရေးသားသည့် စာနယ်ဇင်းပါ မြန်မာကဗျာ-၁၀၀ ၊ "လောကအလှဆင်အတွေးအမြင်ကဗျာများ "စာအုပ်ဖြင့်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးက မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာဖတ်ဝိုင်းများ ကျင်းပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်နေညို (ပုလဲ) ရေးသားသည့် စာနယ်ဇင်းပါ မြန်မာကဗျာ-၁၀၀ " လောကအလှဆင် အတွေးအမြင်ကဗျာများ" စာအုပ်တွင်ပါဝင်သည့် ကဗျာများနှင့် အကြောင်းအရာများ၊ အဆိုပါစာအုပ်၏ ကဗျာအနှစ်သာရများနှင့် အချက်အလက်များကို ထုတ်နုတ်ဆွေးနွေးခဲ့ကြပြီး မိမိတို့၏ သဘောထားအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)