ကြာအင်းဆိပ်ကြီး ဧပြီ ၂၃
နှစ်စဉ် စဉ်ဆက်မပြတ် စာအောင်သံဃာတော်များအား ပူဇော်ကန်တော့လှူဒါန်းချီးမြှင့်ခြင်း နှင့်နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် အစိုးရပါဠိပထမပြန် စာမေးပွဲကြီးအား အေးချမ်းစွာ ပူဇော်ကျင်းပ နိုင်စေရေးအတွက် လုပ်ငန်းအကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။
အဆိုပါလုပ်ငန်းအကြိုညှိနှိုင်းအစည်းအဝေး၌ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများရပ်မိ ရပ်ဖ ဒါယကာ ဒါယိကာမများမှနမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ကန်တော့ပြီး မွန်ကျောင်း ဆရာတော်ကြီးမှ ဩဝါဒအမှာစကားမြွတ်ကြားချီးမြှင့်သည်။
ထို့နောက်ကရင်ပြည်နယ် သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မင်းကျောင်း စာချဆရာတော်ဘုရားကြီးမှ အစိုးရပါဠိပထမပြန်စာမေးပွဲကြီးနှင့်ပတ်သက်၍ ရှင်းလင်း လျှောက်ထားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးမှ ပါဠိပထမ ပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်း အကြံပြုလျှောက်ထားသည်။
ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆရာတော်ဘုကြီးများမှ မြွတ်ကြားတော်မူသည့် လိုအပ်ချက်များလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဖြည့်စွတ်ဆောင်ရွက်ပေးရမည့် ကိစ္စအဝဝများအားဆရာတော်ကြီးများအား ရိုသေဦးထိပ်ထားကာလျှောက်ထားတင်မြှောက်ခဲ့ပြီး ပင့်ဖိတ်ကြွရောက်လာတော်မူကြသည့် ဆရာတော် ဘုရားကြီးများအားဆွမ်းခဲဖွယ်ဘောဇဉ်များဖြင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး