စစ်ကိုင်းမြို့တွင် မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်

စစ်ကိုင်း စက်တင်ဘာ ၂

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့်ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူများထံသို့ ထောက်ပံ့ငွေ လက်ဝယ် အရောက် ပေးအပ်ခြင်းကို ယမန်နေ့၊ နံနက်(၁၀)နာရီက စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

" ကျွန်တော်တို့ ဌာနအနေနဲ့ မိုးစပါး မျိုးစေ့ထုတ်တောင်သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခြင်း ဖြစ်ပါတယ် စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာပေါင်း(၂၈)ရွာမှ တောင်သူ(၁၂၇)ဦး တို့ကနေပြီး မျိုးစေ့ထုတ် စိုက်ဧက(၃၇၀)ဧက ကို စိုက်ပျိုးသွားမှာပါ ဒီတောင်သူတွေကလည်း စည်းစနစ်ကျတဲ့ တောင်သူတွေဖြစ်တယ် ကျွန်တော်တို့ဌာနရဲ့ နည်းပညာတွေကိုလည်း စိတ်ဝင်စားမှု အားကောင်းတာ ဖြစ်တဲ့အတွက် ပထမ ဆုံးရွေးချယ်ဖြစ်တဲ့ တောင်သူဖြစ်ပါတယ် တစ်ဖြေးဖြေးနဲ့တော့ ကျေးရွာအားလုံး ပြန့်နှံ့သွားအောင် စိုက် ပျိုးနိုင်မှာပါ " ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးမြတ်က ပြောပြ၍သိရသည်။

ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တောင်သူများကိုယ်စား ပဒူတိုက်နယ်မှ တောင်သူ ဦးမွတ္တားက ကျေးဇူးတင်စကား ပြောကြားပေးခဲ့ ကြောင်းသိရသည်။

ဇော်မြင့်နိုင်