တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ  အသိပညာပေး  Talk Show ပြုလုပ်

ရေဦး ဧပြီ ၂၃

ကျန်းမာရေး၀န်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍  ဧပြီ ၂၂ ရက် နေ့လယ် ၁ နာရီက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာနှင့် ပတ်သက်၍  ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ TALK SHOW   ကို တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးချစ်ကိုကိုက တိုင်းရင်းဆေးပညာ နှင့် ပတ်သက်၍  ဒေသခံပြည်သူများ ရာသီဥတုပြောင်းလဲချိန် ဖြစ်တတ်သော ရောဂါများအတွက် ကြိုတင်ကာကွယ်ဆေးအဖြစ် အသုံးပြုလွယ် ဆေးဘက်၀င်အသီးအရွက်၊ သစ်မြစ်သစ်ဥဖြင့် အသုံးပြုလျှင် ပျောက်ကင်းစေသောဆေးနည်းများအ‌ကြောင်းနှင့်  ရှောင်ရန်အချက်များကို  ပြောကြား‌ ဆွေးနွေးပေးခဲ့‌‌ကြောင်း သိရသည်။

ဆက်လက်ပြီးအိပ်ယာထလျှင် ရုတ်ထရက်ထခြင်းသတိမူရန်၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ “စောစီးမနက်ရေတစ်ခွက်”  ဆိုသည့်အတိုင်း နံနက်အိပ်ယာထ  မျက်နှာသန့်စင်ပြီး ရေတစ်ခွက်သောက်ပေးရန်၊ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြင်းသရိုက်နာ၊ ၀မ်းကိုက်၊ ၀မ်းချုပ်၊ မျက်စိ၊ လေ၊ သလိပ်၊ ဆီးဖောက်ပြန်သောရောဂါနှင့် သည်းခြေကြောင့်ဖြစ်သောရောဂါများမှ ကင်းဝေးနိုင်ကြောင်း၊  အလင်းအားကောင်းသော  အရာ၀တ္ထု ပစ္စည်းများကို မကြည့်ကြရန်၊ ညအခါ နွားနို့ ဒိန်ချဉ် မစားရန်၊ မူးယစ်ဆေးဝါး ရှောင်ရှားပေးရန်၊ အထူးသဖြင့် ဆေးလိပ်အရက်သည် လူကိုဆိုးကျိုးများစွာ ပေးတတ်ကြောင်း၊ ဆေးရွက်ကြီးသည် ပို၍အန္တရာယ်ရှိကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့်  ခံတွင်းကင်ဆာ၊ လည်ချောင်း၊ အဆုတ်ကင်ဆာများ ဖြစ်ခဲ့ကြသည်များစွာ‌ တွေ့နေရကြောင်း၊ ထို့ပြင် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ အဆုပ်ပွခြင်း၊ ပြင်းထန်သွေးတိုးခြင်း၊ ‌ခြေပုတ်လက်ပုတ်ဖြစ်ခြင်းများ  ခံစားရနိုင်ကြောင်း၊ ကိုယ်၀န်ဆောင်မိခင်၊  ကလေးငယ်များ အနီးတွင်  ဆေးလိပ်သောက်ခြင်းမပြုကြရန်၊ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးများ‌ ဆေးလိပ်ငွေ့ ရှုရှိုက်မိပါက ကိုယ်၀န်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ ပေါင်ချိန်မပြည့်သော ကလေးမွေးခြင်း၊ မွေးရာပါကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ မွေးကင်းစကလေး ရုတ်တရက်   သေဆုံးခြင်းများဖြစ်နိုင်ကြောင်း၊ ကလေးငယ်များအတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် နားပြည်ယိုခြင်းရောဂါများ ဖြစ်ပွားနိုင်ကြောင်း စသည့်ကျန်းမာရေးဆိုင်ရာ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်း (ပြန်/ဆက်)