သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားများ ပပျောက်ရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစဉ်များ အသိပညာပေး (Talk Show)ကျင်းပ

သာပေါင်း ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစဉ်များ အသိပညာပေး (Talk Show) ကို ယမန်နေ့ နေလည် ၁၂ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား များဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များ အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်းထားရှိပြီး ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဥက္ကဋ္ဌ ဖြစ်ပြီး တိုင်းလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တွဲဘက်အတွင်းရေးမှူး အဖြစ်လုပ်ငန်း ကော်မတီများဖွဲ့စည်းဆောင်ရွက်ရှိကြောင်း၊ လုပ်ငန်းကော်မတီ(၈)ရပ်တွင် (က) စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ (ခ) အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ (ဂ)ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းကော်မတီ (ဃ) ဥပဒေရေးရာလုပ်ငန်းကော်မတီ (င) အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည် ကုစားရေးလုပ်ငန်းကော်မတီ (စ) အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ (ဆ)စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ (ဇ) ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီ တို့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်