ပေါက်ခေါင်းမြို့နယ်တွင် ဒုတိယအကြိမ် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေး

ပေါက်ခေါင်း ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့်  မြစိမ်းရောင် ကျေးရွာစီမံကိန်း ဒုတိယအကြိမ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက စံပြရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၆၆)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၃၆)ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၈)တို့ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် တာဝန် ရှိသူများက စီမံကိန်းရန်ပုံငွေများအား  စနစ်တကျ ထုတ်ချေးပေးခဲ့ကြသည်။

အဆိုပါကျေးရွာမှ  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ၊ အရောင်း အဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၁၁၀)ဦးအတွက် စုစုပေါင်း စီမံကိန်း ရန်ပုံငွေကျပ် (၂၉၆)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါမြစိမ်းရောင်စီမံကိန်း ရန်ပုံငွေပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)