ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာ နည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ သောင်မြင်းကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်အတွင်း မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အင်းတော်  စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်‌မြေအတွင်း ရှိ သောင်မြင်းကျေးရွာ တောင်သူ ဦးမောင်စိုး၏ မိုးစပါး ဧရာမင်း RS to CS မျိုးစေ့ထုတ်စိုက်ကွက်အတွင်း မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားရောဂါကျရောက်မှု မရှိစေရန် အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မဲဇာနည်းပညာပေးစင်တာမှ ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသ ( ၄ ) ခုတွင် နည်းပညာ ပေးစင်တာများဖွင့်လှစ်ထားရှိပြီး၊ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်ဧက (၅၅၀) အား အကောင်အထည်ဖော်ဆောင်ရွက်ထားရှိပြီး၊ အဆိုပါ မျိုးစေ့ထုတ်စိုက်ကွက်များအတွင်း မှော်ဘီ၊ ဆင်းဧကရီ-၃၊ ဧရာမင်း စပါးမျိုးများကို စိုက်ပျိုးထားရှိကြောင်း၊ မျိုးစေ့ထုတ်စိုက်ကွက် တောင်သူများ အတွက် ထောက်ပံ့ကြေးများကိုလည်း ဩဂုတ်လ ၂၉ ရက်နေ့တွင် ပထမအရစ် ထုတ်ပေးပြီး ဖြစ်ပါ ကြောင်း၊ မိုးစပါးစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် နည်းပညာပေးစင်တာအတွင်းရှိ ဝန်ထမ်း များနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်း၊ ပိုးမွှားရောဂါကျရောက်မှု မရှိ စေရေး၊ မြေဩဇာများ အချိုးကျမှန်ကန်စွာ အသုံးပြုတတ်စေရေး၊ သဘာဝမြေဩဇာများ ကိုယ်တိုင် ပြုလုပ် သုံးစွဲတတ်စေရေးအတွက် နည်းပညာများကို ဖြန့်ဖြူး သင်ကြားပြသပေးလျက်ရှိပါကြောင်း အင်းတော် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

ကျော်သီဟ