လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် ၊ ပညာရေးဘွဲ့ B.Ed စာပေး စာယူ ပထမနှစ်သင်တန်း (၁/၂၂) သင်တန်းသား ၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား ပြုလုပ်

လွိုင်ကော်            ဧပြီ  ၂၂

ပညာရေးဝန်ကြီးဌာန ၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ B.Ed စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဧပြီလ ၂၂ ရက်နေ့ ၊ နေ့လည် ၂  နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က၊ နိုင်ငံတော်တည်ဆောက်ရေးတွင် စိတ်ဓါတ်ကောင်းမွန်ပြီး စည်းကမ်းလိုက်နာတတ်သည့် အတွေးအခေါ် အယူအဆမှန်ကန်သော အသိပညာ၊ အတတ်ပညာများပြည့်ဝသည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးနိုင်ရန် ဆရာ၊ ဆရာမတို့၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိရာ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် အထက်တန်းပြဆရာ၊ ဆရာမများ  ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေးဘွဲ့ B.Ed စာပေးစာယူ ပထမနှစ်သင်တန်းကို ပညာရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းကာလအတွင်း ဘာသာရပ်အသီးသီးကို စာတွေ့၊ လက်တွေ့သင်ယူရာတွင် မိမိတို့၏ အရည်အသွေးတိုးတက်မြင့်မားစေရေးအတွက် အပြည့်အဝ လေ့လာမှတ်သားရန်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်းပြည့်ဝသည့် ပညာရေးကို သင်ကြားပေးနိုင်ရေးအတွက် မိမိတို့၏ အရည်အသွေးကို အစဉ်မြှင့်တင်ရန် ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊  နိုင်ငံတည်ဆောက်ရေးတွင် ပညာရေးကဏ္ဍသည် အရေးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ပြုစုပျိုးထောင်ပေးရုံသာမက ရပ်ရွာလူထုကိုပါ ဦးဆောင်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်သာမကဘဲ ကျန်းမာရေး၊ လူမှုရေးများနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး တို့မှာလည်း ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ပြီး လူထုအကျိုးပြုရမှာဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုး တို့က သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ B.Ed စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂)သို့ တက်ရောက်သည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများအား ပေးအပ်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ သင်တန်းသို့တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူဆရာ ၊ ဆရာမ (၂၀၉)ဦးအား သင်တန်းကာလအတွင်း နံနက်စာ နေ့စဉ်လှူဒါန်း ပေးသွားမည်ဖြစ်သည်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါသင်တန်းသို့တက်ရောက်မည့် ဘောလခဲခရိုင် အတွင်းရှိ သင်တန်းသား ၊ သင်တန်းသူဆရာ ၊ ဆရာမများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် လွိုင်ကော်မြို့သို့ ပို့ဆောင်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)