ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းပြန်လည်ဖွင့်လှစ် နိုင်ရေး ကြိုတင်ပြင်ဆင်မှုအားကြည့်ရှုစစ်ဆေး

ဘားအံ ဧပြီ ၂၂

 ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ သူနာပြု သင်တန်းကျောင်းသို့ သွားရောက်ပြီး  ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အပတ်စဉ် ၂၈ ပြန်လည် ဖွင့်လှစ်နိုင်ရေး စာသင်ဆောင်၊ အိပ်ဆောင်နှင့် လိုအပ်သည်များကြိုတင်ပြင်ဆင်မှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး လိုက်နာရမည့်အချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် သင်တန်းသား၊ သင်တန်း သူများ အိပ်ဆောင်၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စာကြည့်တိုက်၊ လက်တွေ့ခန်း၊ စာသင်ဆောင်တို့အား ကြည့်ရှုစစ်ဆေးရာ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီချိုက လိုက်လံ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

ထို့နောက် စာသင်ဆောင်တွင် အပတ်စဉ်-၂၇ ဒုတိယနှစ်သူနာပြု-သားဖွား သင်တန်းသား၊ သင်တန်း သူများ၏ ဘာသာရပ်ဆိုင်ရာသင်ကြားသင်ယူမှုများအား ကြည့်ရှုအားပေးပြီး ငွေကျပ် ၃ သိန်းကို ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ သားဖွားသင်တန်းကျောင်းသို့ သွားရောက် ပြီး သင်တန်းသား၊ သင်တန်းသူများ နေထိုင်စားသောက်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများအား ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)