ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ဖြူး     ဧပြီ    ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာသီးနှံများ ပိုမိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ညောင်ကားယားကျေးရွာအုပ်စု၊ ညောင်ကားယားကျေးရွာ၌ ကျေးရွာတောင်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက စားသုံးဆီဖူလုံရေးအတွက် ဆောင်းသီးနှံနေကြာစိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက စားသုံးဆီထွက်ရှိရေးအတွက် တောင်သူများ နေကြာစိုက်ပျိုးနိုင်ရန် ပဲနှင့်ပင်ကြားတန်းကြားစိုက်နိုင်ရေး၊ နေကြာသီးသန့်စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာများပေးကာ တောင်သူများအတွက် သဘာဝဓါတ်မြေဩဇာသုံးစွဲရေးအတွက်ကိုလည်းကောင်း၊ ဖြူးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသကြက်မွေးမြူရေးနှင့် နို့ထွက်နှုန်းကောင်းနွားများ မွေးမြူရေးကိုလည်းကောင်း၊ ဖြူးမြို့နယ် မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေဥပဒေနည်းဥဒေများအကြောင်းကိုလည်းကောင်း၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသအတွင်း သောက်သုံးရေရရှိရေးနှင့် လမ်းများကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကိုလည်းကောင်း၊ ဖြူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ ချေးနိုင်သည့်အခြေအနေနှင့် ဖြူးမြို့နယ်သမဝါယမဦးစီးဌာနမှ သမချေးငွေများနှင့် ပတ်သက်သည်များကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း စားသုံးဆီအတွက် နေကြာစိုက်ပျိုးနိုင်ရေးလျာထားမှုမှာ ဧက(၃၀၀၀)ရှိပြီး ပိုမိုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေကြောင်းနှင့် အဆိုပါဆီထွက်သီးနှံနေကြာအား မတ်ပဲနှင့်တွဲကာ ပင်ကြားတန်းကြားအနေဖြင့် စိုက်ပျိုးမှုမှာ အောင်မြင်မှုရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)