နတ်တလင်း ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ များမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကြတ်ခတ်ဝါရုံ၊မြို့စိုး၊ သက်ကယ်ပြင် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအနေဖြင့် နွေစပါးလျာထား ချက်ကို ပြည့်မီကျော်လွန်အောင်စိုက်ပျိုးရေး၊ ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ကြိုးစားဆောင်ရွက်စေရေးတို့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများမှ သိရှိလို သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေး မေးမြန်း ချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ ကျန်ရှိနေသည့်ကျေးရွာ အုပ်စုများသို့လည်း ကွင်းဆင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချနိုင်ရေးတို့ကို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)