ပခုက္ကူ ဧပြီ ၂၂
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၂) သင်တန်းသား၊ သင်တန်းသူများကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုကောလိပ်ကျောင်း၊ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်များမှ အခြေခံပညာဦးစီးဌာနအောက်ရှိ ပညာရေးဘွဲ့ (B.Ed) မရရှိသေးသည့် ဆရာ၊ ဆရာမ (၁၈၇) ဦး တက်ရောက် ကြပြီး ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ မေလ ၂၃ ရက်နေ့အထိ သင်တန်းကာလ (၂၉) ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးကာ ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ စာမေးပွဲဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)