ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်များနှင့်ကျန်းမာကြံ့ခိုင်ရေး အားကစားဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဧပြီ    ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် လူငယ်များနှင့်ကျန်းမာကြံ့ခိုင်ရေးအားကစားဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က  Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩလျဖောက လူငယ်များ နွေရာသီ ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ဗလငါးတန်နှင့် ပြည့်စုံပြီး ကြံ့ခိုင်သူများ ဖြစ်လာစေရေး၊ အားကစားနည်းတစ်မျိုးမျိုး ကိုကစားခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရေး၊ ခေါင်းဆောင်တတ်သောစိတ်များ ဖြစ်ပေါ်လာစေရေးအတွက် ယခုနှစ်နွေရာသီတွင် ကျောင်းသား လူငယ်များအတွက် သင်တန်းတစ်မျိုးလျှင် သင်တန်းကာလ (၁၅) ရက်ဖြင့် အားကစားနည်း (၁၁)မျိုး ဖွင့်လှစ်ပေးခဲ့မှုများ၊ ကိုယ်လက်လှုပ်ရှားမှုကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် WHO ၏ လမ်းညွှန်ချက်အရ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုကို တစ်ပတ်လျှင် မိနစ် (၁၅၀)ခန့် လုပ်ဆောင်သင့်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဝလွန်ရောဂါ၊ အရိုးပွရောဂါ စိတ်ကျရောဂါ၊ အူမကြီးကင်ဆင် စသည့် ရောဂါများအား ၄၀  ရာခိုင်နှုန်း လျော့ကျစေကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)