ကလိန်အောင်မြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အိမ်တွင်းမှုလုပ်ငန်း လက်ကိုင်အိတ်ထိုးနည်း သင်တန်းဖွင့်လှစ်

ကလိန်အောင် ဧပြီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း မြို့အတွင်းရှိကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိ‌ရန်အတွက် ရည်ရွယ် ၍ ဒေသနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်း ပညာရပ်တစ်ခုဖြစ်သည့် လက်ကိုင်အိတ်ထိုးနည်း သင်တန်းဖွင့်လှစ်ခြင်းအခမ် းအနားကို ယနေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနမှ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ခင်ခင်လဲ့က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနအနေအဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလကို အ‌ပျော်‌တွေဖြင့် ကုန်ဆုံးမသွားစေရန်၊ လူငယ်ဘဝတန်ဖိုးရှိသည့် အချိန်များကို အကျိုးရှိစွာ အသုံးချတတ်‌စေနိုင်ရေးနှင့် လူငယ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်အတွက် ရည်ရွယ်ပြီး တိုင်း/ခရိုင်၊ မြို့နယ်အလိုက် ယခုလိုမျိုး အသက်မွေးဝမ်းကျောင်း ပညာရပ်အသီးသီးများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား/သူများကိုလည်း မိမိတို့ဌာနမှ သင်ထောက်အကူပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းပြီးစီးပါက လူငယ်များအတွက် အကျိုးရှိစေမည့် နောက်ထပ် အသက်မွေးဝမ်း‌ကျောင်း လုပ်ငန်းပညာရပ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်‌ကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း မပျက်မကွက် တက်ရောက်စေလို ကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်မိုးမိုးအေးက လက်ကိုင်အိတ်ထိုးနည်း သင်တန်းတွင် သင်ကြားပေးမည့် ပညာရပ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ကလိန်အောင်မြို့အတွင်းရှိ သင်တန်းသား/သူ လူငယ် (၁၂)ဦးအား တက်ရောက်ကာ သင်တန်းနည်းပြဆရာမတစ်ဦးက လက်ကိုင်အိတ်ထိုးနည်း အဆင့်ဆင့် ပြုလုပ်ပုံစံအမျိုးမျိုးကို ဧပြီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)