ငါးသိုင်းချောင်း ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ဒေသခံပြည်သူ များသို့ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက စည်ပင် သာယာ မြို့မဈေးနှင့် အောင်ဆန်းရပ်ကွက်ဈေး၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များ လိုက်လံစစ်ဆေးခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေး မထိုးနှံရသေးသူများအား အဆိုပါဈေးများအတွင်း၌ တစ်ပါတည်း ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ငါးသိုင်းချောင်းမြို့ရှိ ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမျိုးသားခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမမကြိမ်) ထိုးနှံပေးခြင်း၊ ဧပြီလ ၁၃ ရက်နေ့ရှေ့ပိုင်း (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရမည့်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးခြင်း၊ မြို့ပေါ်ရပ်ကွက်(၆)ခုရှိ သက်ဆိုင်ရာရပ်ကွက်ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ရွှေဘိုရပ်ကွက်အတွင်း၌ အိမ်တိုင်ရာရောက် ကောက်သင်းကောက် အစီအစဉ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များကို ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူး မျိုးမြင့်အောင်၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလှုမှုရေးအသင်းအဖွဲ့များက ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့မှုရှိစေရေး ကူညီဆောင်ရွက်ခြင်း၊ လှည့်လည်ကြည့်ရှုအားပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ငါးသိုင်းချောင်းမြို့ရှိ ဦးစားပေးဦးတည် အုပ်စုများအလိုက် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ ပြည့်ဝစွာ ထိုးနှံနိုင်ရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် ကာကွယ်ဆေး ထိုးစုရပ်၌ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ကြောင်းနှင့် သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက်(၆)ခု၌ အိမ်တိုင်ရာရောက် ကောက်သင်းကောက်၍ ကာကွယ်ဆေး လိုက်လံထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ပြောကြားထားကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)