ဒေးဒရဲမြို့၌ သစ်စိမ်းမြေသြဇာ စိုက်ပျိုးရန် ပိုက်ဆံလျှော်မျိုးစေ့ ပေးအပ်ပွဲကျင်းပ

ဒေးဒရဲ ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြေဆီလွှာ ပြုပြင်ထိန်းသိမ်းသည့် နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်လာစေရန်၊ သဘာဝ ပတ်ဝန်းကျင်မပျက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ သစ်စိမ်းမြေသြဇာ စိုက်ပျိုးအသုံးပြုရန် ပိုက်ဆံလျှော်မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပိုက်ဆံလျှော် မျိုးစေ့ ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် သစ်စိမ်း​မြေသြဇာ အသုံးပြုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့များကို ထောက်ပံပေးအပ်ရာ ကျေးရွာအုပ်စု (၆)စုမှ တောင်သူ (၁၆)ဦး၏ လယ်မြေဧက (၈၀) အတွက် တစ်ဧကလျှင် (၄) ပြည်နှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေးဒရဲမြို့နယ် တော်ကြပ်ကျေးရွာနေ တောင်သူ ဦးအေးမောင်က ပိုက်ဆံလျှော် သစ်စိမ်း မြေသြဇာကို ယခင်နှစ်များတွင် မိမိလယ်ယာမြေတွင် စိုက်ပျိုးအသုံးပြုခဲ့ရာ စပါးအထွက်နှုန်း ကောင်းမွန်ခြင်း၊ ဓာတ်မြေသြဇာ စသည့် သွင်းအားစုများ အသုံးပြုရခြင်း လျော့နည်းသွားခြင်း များကြောင့် တောင်သူများကိုယ်စား မျိုးစေ့များ ထောက်ပံ့ပေးသော စိုက်ပျိုးရေးဦးစီးဌာနကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်ပျိုးချိန်အမီ သစ်စိမ်း မြေသြဇာစိုက်ပျိုးရန် လျာထားဧက (၁၀ဝ၀) ပြီးစီးရေး ဆောင်ရွက်လျက်ရှိပြီး လယ်ယာမြေနှင့် အခြား စိုက်ပျိုးရေးလုပ်ငန်းများအတွက် နည်းပညာနှင့် အခက်အခဲများရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

အေဇာလင်း