ရွှေဘို ဧပြီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် ရွှေဘိုမြို့တို့ ပူးပေါင်း၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် ရွှေဘိုမြို့မှ ရဲအုပ်မင်းခိုင်က လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်ဒဏ်များ၊ လူကုန်ကူးမှု ကျုးလွန်ပါက ထောင်ဒဏ်၊ ငွေဒဏ်၊ ကျခံရနိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ လူပွဲစားများ အသုံးပြုသည့် နည်းလမ်းများနှင့် လူကုန်ကူးခံရပါက ဆက်သွယ်ရမည့် နည်းလမ်းများ စသည့်များကို ဟောပြောခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၁၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် မေလပထမပတ်တွင် ကလေးလုပ်သား ပပျောက်ရေးဆိုင်ရာနှင့် ကလေးသူငယ်ဆိုင်ရာ အသိပညာပေးများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ဟောပြောပွဲများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေဘိုခရိုင်(ပြန်/ဆက်)