ပဲခူး ဧပြီ ၂၂
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက နွေရာသီ အားလပ်ရက် များတွင် လူငယ်လူရွယ်များ အားကစားတစ်မျိုးမျိုးကို လေ့ကျင့်သင်ယူနေခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန် အတွက် အားကစားဆိုတာဘာလဲ.. အားကစားဆိုတာအင်အားနှင့် ဉာဏ်ရည်ကို အသုံးချခြင်းဖြစ်ကြောင်း၊ အားကစား အမျိုးအစား များအကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် လူငယ်များပျော်ရွှင်စေရန်၊ စိတ်ဓာတ်ကောင်းမွန်စေရန်နှင့် အပြန်အလှန်ဆက်ဆံရေး တိုးတက်စေရန်အတွက် လူငယ်များ မိမိကြိုက်နှစ်သက်ရာ အားကစားတစ်ခုခုကို လုပ်ဆောင်နိုင်စေရန် အကြောင်းများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(ခရိုင်၊ပြန်/ဆက်)