ကျိုက်မရော စက်တင်ဘာ ၂
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမပြန့်နှံ့စေရန်အတွက် ကျေးရွာများတွင် ရောင်းချလျက်ရှိနေ သောစားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီလိုက်နာ၍ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်ကလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာများရှိ စားသောက်ဆိုင်(၉)ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၈)ဆိုင်တို့အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် လက်ဆေးရန် ဘေစင်များ ရှိ/မရှိ၊ စားသုံးသူနှင့် စားသောက်ဆိုင်ဝန်ထမ်းများတွင် ပါးစပ်ပိတ်နှာခေါင်းစည်းများ၊ face shield များတပ်ဆင်ထားခြင်း ရှိ/မရှိ၊ စားသုံးသည့် သူများအချင်းချင်း သုံးပေအကွာ၌ နေထိုင် စားသောက်ခြင်းနှင့် လက်သန့်ဆေးရည်များထားပေးခြင်း ရှိ/မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကာ တစ်ဆိုင်ချင်းစီ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စည်းကမ်းနှင့်ညီညွတ်ခြင်းမရှိသောဆိုင်များအား သတိပေး လက်မှတ် ထိုးခိုင်းကာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ချိုချို(ပြန်/ဆက်)