သာပေါင်း ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာဖေမြင့် ရေးသားသည့် "တန်ဖိုးထားအပ်သော အရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဦးဝင်းသိန်းနှင့် ဒေါ်လှလှဦးတို့က စာရေးဆရာ ဖေမြင့်ရေးသားသည့် "တန်ဖိုးထားအပ်သော အရာများ" စာအုပ်ပါ ၁။ တန်ဖိုးထား အပ်သော အရာများ၊ ၂။ နေတတ်တဲ့လူ၊ ၃။ တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း၊ ၄။ အဆုံးအဖြတ် ပေးတတ်တဲ့လူ၊ ၅။ တံငါသည်ကို သတိရသည် အစရှိသည့် ခေါင်းစဉ်တို့အား ဖတ်ကြား ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာ များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိ ပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိ ပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)