သနပ်ပင်မြို့နယ်တွင် လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနေခြင်း ရှိ/မရှိ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

သနပ်ပင် စက်တင်ဘာ ၂    

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနေခြင်း ရှိ/မရှိကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီနှင့် ပူးပေါင်း အဖွဲ့တို့  စက်တင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ် ထားသော ဆိုင်များကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြို့တွင်း၌ ဖွင့်လှစ်ရောင်းချသော ဆိုင်များအား တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိတို့ဆိုင် အဝင်တွင် လက်ဆေးဘေစင်ထားရှိရမည်၊ လက်သန့်ဆေးရည်ဘူးများ ထားရှိရ မည်၊ ထိုင်ခုံများထားရှိရာတွင် တစ်ခုံနှင့် တစ်ခုံ အနည်းဆုံး (၆)ပေကွာလောက် ထားရှိပေးရမည်၊ ထိုင်ခုံတစ်ခုတွင် လူ(၂)ဦး ထက်မပိုရ၊  ဆိုင်ရှိစားပွဲထိုးများအား   Face Shield၊ နှာခေါင်းစည်း(Mask)ကို အမြဲတပ်ဆင်ထားရမည် စသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့် ဆိုင်များကို ဒုတိယ အကြိမ် လာရောက်စစ်ဆေးသည့်အခါ  ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် မညီသည့် ဆိုင်များကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်တီမှ ဥပဒေနှင့်အညီ ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား သတိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

လှမိုး(ပြန်/ဆက်)