အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ပေး

အုတ်တွင်း ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို  ယမန်နေ့နံနက်ပိုင်းက ဆွဲလဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျေးရွာတောင်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဒေသဖွံဖြိုးရေးကဏ္ဍများ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ရဲဇော်က စိုက်ပျိုးရေး နည်းစနစ်များအကြောင်း၊ မျိုးကောင်းမျိုးသန့် ရရှိစေရေး၊ စားသုံးဆီဖူလုံရေးအတွက် တောင်သူများ နေကြာစိုက်ပျိုးနိုင်ရန်နှင့် နေကြာသီးသန့် စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာများပေးကာ တောင်သူ များအတွက် သဘာဝဓါတ်မြေဩဇာ သုံးစွဲရေး၊ ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ အုတ်တွင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါက်တာ သင်းသဥ္ဇာက ဒေသကြက်၊ ဝက်၊ ဘဲ၊ နွားမွေးမြူရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေး ဆွေးနွေးခြင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းငြိမ်းဇော်က လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်း ဆွေးနွေးခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က စက်မှုလက်ယာကဏ္ဍနှင့်ပတ်သက်သည့် အကြောင်း အရာများ၊ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဇော်တိုးက စိုက်ပျိုးရေရရှိရေး အကြောင်းအရာများ စသည်ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးမှ အသိပညာပေး ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သောတောင်သူများက သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များကို တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ