ပြည် ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က "မြန်မာ့ ရိုးရာအတာသင်္ကြန်" ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက မျိုးဆက်သစ်ကျောင်းသားလူငယ်မောင်မယ်များအား မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပခြင်းအကြောင်းနှင့် မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကိုသိရှိပြီး မပျောက်ပျက်အောင်ထိန်းသိမ်းစောင့် ရှောက်လိုစိတ်ရှိစေရန် ရည်ရွယ်၍ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှတ်ပေးဒိုင်အဖြစ်ဆောင်ရွက်ကြသည့် မြို့နယ်စာရေးဆရာအသင်း၀င် စာရေးဆရာ မောင်စိမ့်စမ်း(သဲကုန်း)၊ ဆရာသက္ကာဦးနှင့် ဆရာမယမင်းညိုတို့က ပြည်မြို့ အခြေခံ ပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ (၂၄)ဦးအား ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအကြောင်းနှင့် အားပေးစကားများ အသီးသီးပြောကြားကာ ပြိုင်ပွဲစတင်ကျင်းပခဲ့ပြီး အမှတ်ပေးဒိုင်အဖွဲ့က ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများကိုအမှတ် ပေးရွေးချယ်ခဲ့ကြသည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲသို့ ကြွရောက်ချီးမြှင့်ပေးသော ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေက ပြိုင်ပွဲဝင် ကျောင်းသား/သူများအား "လူငယ်လူရွယ်များ စာဖတ်စေချင်" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောသည်။
ယင်းနောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ-ထ-က(ရွှေတံခါး) Grade-10 မှ မနှင်းအိမ်ခင်၊ ဒုတိယဆုရရှိသည့် အထက(၃) Grade-10 မှ မသဲဆုဖြိုးအောင်၊ တတိယဆုရရှိသည့် အ-ထ-က(မူယာပင်)Grade-9 မှ မယမင်းရွှေစင်နှင့် အထူးဆု ရရှိသူ(၂)ဦးတို့အား တာ၀န်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေး အပ်ချီးမြှင့်ကာ ခရိုင်ပြန်/ဆက်မှတာဝန်ရှိသူများက ဒိုင်အဖွဲ့အား ဂါရ၀ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)