မြောင်းမြမြို့တွင်  ကာကွယ်ဆေးရာခိုင်နှုန်းပြည့် ထိုးနှံပြီးစီးမှုရှိစေရေးအတွက် မထိုးနှံရသေးသူ များအား စစ်ဆေး၍ ချက်ချင်းထိုးနှံပေး

မြောင်းမြ  ဧပြီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ရာခိုင်နှုန်းပြည့် ထိုးနှံပြီးစီးမှု ရှိစေရေးအတွက် သက်ဆိုင်ရာအစုအဖွဲ့များခွဲ၍ ကိုဗစ် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ထိုးနှံပေးလျက်ရှိရာ  ယနေ့နံနက် ၇ နာရီမှ စ၍  မြကန်သာရပ်ကွက်၊ ရွှေစေတီလမ်းရှိ ရွှေဗုဒေါဘုရား၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးကို အကြောင်းကြောင်းကြောင့် တစ်ကြိမ် တစ်ခါမျှ မထိုးနှံသေးရသည့်သူများအား ချက်ချင်းထိုးနှံပေးခဲ့ရာ (၃၀၃)ဦးအား ထိုးနှံပေးနိုင် ခဲ့ကြောင်း သိရသည်။ ထို့အတူ ဘုရားငုတ်တို၊ မုဆိုးကွင်း ကျေးရွာ၊  တောင်ပေါ်စုကျေးရွာ၊ သဲပုံဆိပ်၊ မြို့ဝင်ဂိတ်နှင့် ဈေးများတွင်လည်း သက်ဆိုင်ရာ အစုအဖွဲ့များအလိုက် သွားရောက်၍ ကာကွယ်ဆေးများကို ထိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြောင်းမြမြို့နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာ‌ရေးဦးစီးဌာန နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြားဌာနဆိုင်ရာများ၊  ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသူများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ခင်ရူပါအေး