ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နိုင်(၄)နံပါတ်များကွန်ပျူတာစာရင်းသွင်းနေမှုအား ကြည့်ရှု အားပေး

ဘားအံ ဧပြီ ၂၁

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပြည်နယ်လွှတ်တော်ရုံးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်း (၆၀)ဦးတို့မှ နိုင်(၄)နံပါတ်များ ကွန်ပျူတာစာရင်းသွင်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့သို့ကွန်ပျူတာစာရင်းသွင်းရခြင်းမှာ စစ်မှန်၍ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် မဲဆန္ဒရှင်စာရင်းများအား မှန်ကန်စွာရရှိရေး၊ မဲဆန္ဒရှင် စာရင်းများမှားယွင်းမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ မဲပေးခွင့်ရရှိရေးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုတည်းကိုသာ အခြေခံခြင်းမဟုတ်ပဲ ပိုမိုတိကျမှန်ကန်သည့် မဲစာရင်းရရှိစေရေးအတွက် တစ်ဦးချင်း၏ နိုင်ငံသားနံပါတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းတို့ အား IT နည်းပညာဖြင့် အပြန်အလှန် တိုက်ဆိုင်စစ်ဆေးနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်အရေအတွက်အား သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားကာ ပြည်နယ်လွှတ်တော်ရုံး အဆောက်အဦးနှင့် အစည်းအဝေးခန်းမတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)