ပြည်မြို့တွင် မြန်မာ့ရိုးရာအတာသင်္ကြန် ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် လူငယ်များ စာဖတ်စေချင် ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ပြည် ဧပြီ ၂၁ 

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre အခန်းမ၌ ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်က "မြန်မာ့ ရိုးရာအတာသင်္ကြန်"ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမှ သိရသည်။ 

ဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ​ဒေါ်ခင်ရွှေဝါဖူးမှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ အမှတ်ပေး ဒိုင်အဖြစ် ဆောင်ရွက်ကြသည့်  မြို့နယ်စာရေးဆရာအသင်း၀င် စာရေးဆရာ မောင်စိမ့်စမ်း (သဲကုန်း)နှင့် စာရေးဆရာ ဆရာသဂ္ဂဦးတို့မှ အမှတ်ပေး စည်းမျဉ်းအကြောင်း ရှင်းလင်းပြောကြားပြီး ဆရာရေးဆရာမ ဒေါ်ယမင်းရွှေစင်မှ ပါ၀င် ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ 

ထို့နောက် စာစီစာကုံးပြိုင်ပွဲသို့ ကြွရောက်ချီးမြှင့်ပေးသော  တိုင်းဒေသကြီး စာကြည့်တိုက် ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဒေါ်ခင်နှင်းဆီရွှေမှ စာစီစာကုံး ၀င်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား/ ကျောင်းသူ များအား "လူငယ်လူရွယ်များ စာဖတ်စေချင်" ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးခဲ့ပြီး  ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများမှ ဆုအသီးသီး ချီးမြှင့်ပေးခဲ့ခါ ဒိုင်အဖြစ် ဆောင်ရွက်ပေးခဲ့သည် စာရေးဆရာ သုံးဦးအား ဂါရ၀ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး  အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ ပြည်မြို့ပေါ်ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ ၂၄ ဦးမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)