ဘားအံ ဧပြီ ၂၁
ကရင်ပြည်နယ်အတွင်း ဆီထွက်သီးနှံ နေကြာတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ဆန်ဖူလုံရေး၊ ဆီဖူ လုံရေး၊ အသားငါးဖူလုံရေးနှင့် စားနပ်ရိက္ခာဖူလုံပိုလျှံရေးကို ဦးစားပေးဆောင်ရွက်ဖို့လိုပြီး ဖူလုံပိုလျှံ ခြင်းမရှိသည့် စားသောက်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ယခုအစည်းအဝေးကိုကျင်းပ ရခြင်းဖြစ်ကြောင်း၊ ဒေသတွင်းလူတစ်ဦးချင်း စီ၏ဆီစားသုံးမှုနှုန်းမြှင့်တက်နေပြီး ပြည်ပမှမှာယူ တင်သွင်းနေရသည့်အတွက် စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ဆီထွက် သီးနှံနေကြာကို အောင်မြင် ဖြစ်ထွန်းနိုင်သည့်နေရာဒေသများတွင် တိုးမြှင့်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နွေစပါး၊ အခြားသီးနှံနှင့် သီးထပ်စိုက်ပျိုးခြင်းမရှိသောလယ်မြေများတွင် ရေရရှိအောင် ဆောင်ရွက်ပြီး ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုးနေ ကြာနှင့် ဆောင်းနေကြာဟူ၍ နှစ်မျိုး စိုက်ပျိုးနိုင်ပြီး အရေးကြီးသီးနှံတစ်ခုအနေဖြင့် အထွက်နှုန်းကောင်းစေရန် မျိုးကောင်းဖို့လိုပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်သွားစေလိုကြောင်း၊ လယ်မြေတွင်စပါးရိတ်သိမ်းပြီးချိန်၊ ယာမြေတွင် မိုးသီးနှံရိတ်သိမ်းပြီးချိန်နှင့် ကိုင်းကျွန်းမြေများတွင် အချိန်မရွေးစိုက်ပျိုးနိုင်ပြီး နေကြာနှင့်တွဲဖက်၍ ပျားမွေးမြူရေး လုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်သင့်ကြောင်း၊ နေကြာဆီသည် ကျန်းမာရေးအရစားသုံးရန် အသင့် တော်ဆုံးဖြစ်ပြီး နေကြာကြိတ်ဖက်များကို တိရိစ္ဆာန်အစာ(သို့မဟုတ်) မြေဩဇာအဖြစ်အသုံးပြု နိုင်ရာ တောင်သူများအကျိုးဖြစ်ထွန်း စေမည့်သီးနှံဖြစ်သည့်အတွက် စိုက်နည်းစနစ်နှင့်မျိုးစေ့များကို တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးကြ စေလိုကြောင်း၊ ယခုနှစ်တွင် နေကြာစိုက်ဧက ၁၀၀၀(တစ်ထောင်)ခန့် ရည်မှန်းလျာထားဆောင်ရွက်သွားရန်နှင့် နေကြာသီးသန့်စိုက်ဧကများ၊ သီး ထပ်၊ သီးညှပ်စိုက်ဧကများကို တိုးမြှင့်စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဆီထွက်သီးနှံနေကြာ တိုးမြှင့် စိုက်ပျိုး ထုတ်လုပ်နိုင်ရေး တောင်သူများအား စည်းရုံးဆောင်ရွက်သွားရန်၊ သွင်းအားစု၊မျိုးစေ့နှင့် နည်းပညာများ ထောက်ပံ့ပေးနိုင်ရန်၊ အမှန်တကယ်စိုက်ပျိုးထွက်ရှိလာသည့် နေကြာများအား ဈေးကွက်ဖော်ဆောင်ပေးနိုင်ရန်၊ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း ဖွဲ့စည်း ဆောင်ရွက်ပေးသွားနိုင်ရန် ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝမ်းက ဆီထွက်သီးနှံ၏ အရေးပါမှုအခန်းကဏ္ဍ၊ ကရင်ပြည်နယ်၏ ခရိုင်အလိုက်ဆီထွက် သီးနှံစိုက်ပျိုးမှုအခြေအနေ၊ ၂၀၂၂-၂၀၂၃ နေကြာ စိုက်ပျိုးထုတ်လုပ်မည့်အခြေအနေ၊ နေကြာ တိုးမြှင့်စိုက်ပျိုးထုတ်လုပ် ရန်လျာထားချက်အပေါ်မျိုးစေ့လိုအပ်မှုအခြေအနေ၊ စိုက်နည်းစနစ် အလိုက်စိုက်ပျိုးမည့်အစီအစဉ်၊ ပညာပေးစံပြကွက် များ၊ ဆွေးနွေးပွဲများနှင့် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်မြေစာရင်း၊ စက်မှုလယ်ယာ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာ၊ ကုန်သွယ်မှုမြင့်တင်ရေးအစရှိသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုန်သည်ကြီးများအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းစသည့် အသင်းအဖွဲ့များနှင့်လုပ်ငန်းရှင် များ၊ နေကြာစိုက်တောင်သူများ၊ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးသို့တက်ရောက်လာသော ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် စိုက်ပျိုးရေး ဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က တောင်သူ များပိုမိုစိတ်ဝင်စားလာ စေရေး စံနမူနာပြအနေဖြင့် စိုက်ပျိုးလုပ်ကိုင်ပြသဖို့လိုကြောင်း၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)