ရွှေဘိုမြို့နယ်၌ အခြေခံပညာသင်ရိုး (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းဖွင့်လှစ်ပို့ချ

ရွှေဘို  ဧပြီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ‌မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ၂၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နေ့လည် မွန်းလွဲ ၁ နာရီ အချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း မလိခခန်းမတွင် online စနစ်ဖြင့် ဆက်လက် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများမှ ဆရာ(၁၇)ဦး၊ ဆရာမ (၃၅)ဦး စုစုပေါင်း(၅၂)ဦးတက်ရောက် သင်ယူလျက်ရှိပြီး ယနေ့တွင် Generic Topics၊ နေနှင့်ဂြိုလ်များ ရုပ်ပြောင်းလဲခြင်းနှင့် ဓါတ်ပြောင်းလဲခြင်း၊ ဘာသာရပ်ဖွဲ့စည်းပုံ စည်းကမ်းရှိစွာ သွားလာလည်ပတ်ပါ ကုန်းဘောင်ခေတ်၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများ စသည့်ခေါင်းစဉ် များကို သင်ကြားပို့ချပေးလျက်ရှိပြီး၊ အဆိုပါနည်းပြသင်တန်း တက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိ သည့်အခါ ယခုသင်ကြားပို့ချခဲ့သည့်သင်ခန်းစာများအား ပြန်လည်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်ရိုးသစ် (Grade-5) (ToT)online သင်တန်းကို ဧပြီလ(၂၀)ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့ အထိ (၅)ရက်ဖွင့်လှစ်သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်းနှင့်  ယခုဖွင့်လှစ်သည့် နည်းပြ သင်တန်းများ အတန်းအလိုက် ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်‌‌ကြောင်းရွှေဘိုမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်စိုးကပြောကြားသည်။

(ခရိုင်ပြန်/ဆက်)