စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grade-5ဗဟိုအဆင့် နည်းပြ (TOT) သင်တန်းဖွင့်လှစ်ပို့ချ

စလင်း  ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းအုပ် ဆရာ/ဆရာမများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5ဗဟို အဆင့်နည်းပြ(TOT)သင်တန်းကို စလင်းမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေး ခန်းမဆောင်တွင် ဧပြီလ၂၀ရက် ယမန်နေ့နံနက်ပိုင်းက (Orline)စနစ်ဖြင့် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနတို့မှ ပို့ချသင်ကြားလျက် ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သင်ရိုးသစ်(Grade-5) သင်ခန်းစာများကို ကောင်းမွန်စွာ ပြန်လည်ပို့ချသင်ကြားနိုင်ရေးအတွက် အဆိုပါသင်တန်းကို ဖွင့်လှစ်ပို့ချသင်ကြားခြင်းဖြစ်ပြီး သင်တန်းကာလကို ဧပြီ၂၀ရက်နေ့မှစပြီး ဧပြီ၂၅ရက် နေ့အထိ (၆)ရက်ကြာဖွင့်လှစ်မှာ ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၂၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာ၊ သင်ခန်းစာများ ပို့ချသင်ကြားမည်ဖြစ်ပြီး နံနက်၉နာရီမှ ၁၂အထိ နေ့လည်၁နာရီမှ ညနေ၄နာရီအထိ (Orline)စနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မူလတန်း ကျောင်းအုပ် ဆရာ/ဆရာမ စုစုပေါင်း(၇၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းကို မြို့နယ်ပညာရေး မှူး ဦးသိန်းဌေးထံမှ သိရှိရသည်။

မောင်လွင်(စလင်း)