ချောက် ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှ လျှပ်စစ်မြစ်ရေတင်(၂)ခုဖြင့် နွေရာသီ သီးနှံများအဖြစ် ပဲတီစိမ်း၊ နှမ်း၊ မြေပဲသီးနှံ(၃)မျိုးအား စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ် နွေသီးနှံအား လျာထားဧကထက် ကျော်လွန်၍ ရေသွင်းပေးဝေစိုက်ပျိုး သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး သောက်သုံးရေကန်များ ရေဖြည့်ပေးခြင်း၊ ပိုက်လိုင်းများဖြင့် နွေရာသီသောက်သုံးရေ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ခုနှစ် နွေသီးနှံ ပဲတီစိမ်း၊ နှမ်း၊ မြေပဲတို့ကို ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ (၁၁၀၀)ဧက၊ စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၁၁၅၀)ဧက၊ စုစုပေါင်း(၂၂၅၀)ဧက ရေသွင်းပေးဝေစိုက်ပျိုးရန် လျာထားလျက်ရှိရာ ယနေ့အထိ ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ (၇၀၀)ဧက၊ စလေပခန်းငယ် လျှပ်စစ် မြစ်ရေတင်မှ(၉၀၂)ဧက ရေသွင်းပေးဝေ စိုက်ပျိုးပြီးစီးကြောင်း၊ ဆက်လက်၍ ဥမင်ကိုးပေါက်နှင့် စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၂၆၀၀)ဧကအထိ ရေသွင်းပေးဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ နွေရာသီသောက်သုံးရေ ဖြန့်ဝေခြင်း အနေဖြင့် စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ ကျေးရွာ(၅)ရွာအတွက် သောက်သုံးရေကန် (၄)ကန်၊ ရေပိုက်လိုင်း(၁)လိုင်း၊ ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ ကျေးရွာ(၄)ရွာအတွက် ရေကန်(၃)ကန်၊ ရေပိုက်လိုင်း(၁)တို့ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးခြင်းများပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု၂၀၂၁-၂၀၂၂ခုနှစ် နွေသီးနှံအား သတ်မှတ်လျာထားသည့် (၂၂၅၀)ဧကမှ (၂၆၀၀)ဧကအထိ ရေပေးဝေသွားမည်ဖြစ်၍ လျာထားချက်ထက် ကျော်လွန်၍ ရေပေးဝေနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လေပခန်းငယ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ တာဝန်ရှိသူပြောပြချက်အရ သိရှိရပြီး ချောက်မြို့နယ်သည် အပူချိန်မြင့်မားသည့် ဒေသဖြစ်သည့်အတွက် လျှပ်စစ်မြစ်ရေတင်(၂)ခုမှ စိုက်ပျိုးရေနှင့် သောက်သုံးရေ ပေးဝေခြင်းဖြင့် ဒေသခံတောင်သူများ အနေဖြင့် စိုက်ပျိုးရေသာမက သောက်သုံးရေအဖြစ်ပါ အသုံးပြုနိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက်လာပါက စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်း မြင့်မားလာမည် ဖြစ်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။
ကျော်မိုး(ပြန်/ဆက်)