ချောင်းဦး စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ်အား ယနေ့ နံနက်ပိုင်းက ဘုရားနေကဇာတင်၊ ဝါဆိုသင်္ကန်းကပ်၊ အာရုံဆွမ်းကပ်၊ တရားနာပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရုံးဖွင့်ပွဲအထိမ်းအမှတ်အဖြစ် နံနက်(၅)နာရီအချိန်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးညိုညိုသန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ချစ်စုလှိုင်နှင့် ၀န်ထမ်းများက သံဃာတော်များအား ဝါဆို သင်္ဃန်းနှင့် အာရုံဆွမ်းများဆပ်ကပ် လှူဒါန်းကာစုပေါင်းတရားနာခဲ့ပြီး၊ နံနက် (၈)နာရီ အချိန်တွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းမြင့်ခင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ သည်။
ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ မုံရွာ- မန္တလေး ကားလမ်းမကြီးဘေး ဒဿမ ၅၈ ဧကရှိ မြေပေါ်တွင် အလျား (၄၈) ပေ၊ အနံ (၃၆) ပေ၊ Rc တစ်ထပ်တိုက် အဆောက်အဦးဖြစ်ပြီး ပြည်ထောင်စုဘက်ဂျက် မှ (၄၈ ဒဿမ ၅) သန်း အကုန်အကျခံ၍ ကောင်းမြတ်မိုးစွေ ကုမ္မဏီက ၂၀၂၀ ပြည့်နှစ် မတ်လ ကစတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
၀င်းမြင့်အောင် (ပြန်/ဆက်)