မြဝတီမြို့ ဘုရင့်နောင်ဈေးတွင် အသား၊ ငါးများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြဝတီ ဧပြီ ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးအတွင်း တည်ခင်းရောင်းချလျက်ရှိသော အသား၊ ငါးဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ FDAအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယနေ့နံနက်၁၀နာရီက  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အမဲသား၊ ဆိတ်သား၊ ဝက်သား ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ ငါး၊ ပုစွန်များ ရောင်းချရာတွင် လတ်ဆတ်မှု ရှိ/မရှိ၊ အလေးချိန်ခွင် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းများအပြင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် သက်တမ်းလွန် ကုန်ပစ္စည်းများ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုန်အမှတ်တံဆိပ်များ ဈေးကွက်သို့ ရောင်းချခြင်း ရှိ/မရှိကို အဖွဲ့စုံဖြင့်  စစ်ဆေးကာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးပြီး နောင်တွင်စစ်ဆေးတွေ့ရှိပါက စားသုံးသူရေးရာ ဥပဒေဖြင့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)