နတ်တလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက် များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

နတ်တလင်း ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နတ်တလင်းမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ကျော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ယခုအကောင်အထည်ဖော်မဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များအဖြစ် နတ်တလင်းမြို့နယ်ရဲ့ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို နှစ်အလိုက် ဈေးနှုန်းများအရ ကျပ်(၃၀၂.၁) ဘီလီယံ၊ တိုးတက်မှုနှုန်း (၄.၅) ရာခိုင်နှုန်း ဖြစ်ပေါ်စေရန်နှင့် လယ်ယာကဏ္ဍကြီးရဲ့ ပါဝင်မှု အချိုးအစားကို (၃၃.၅) ရာခိုင်နှုန်း၊ တိုးတက်မှုနှုန်းကို (၃.၂) ရာခိုင်နှုန်း သို့လည်ကောင်း၊ စက်မှုကဏ္ဍကြီးရဲ့ ပါ၀င်မှုအချိုးအစားကို (၂၆.၆) ရာခိုင်နှုန်း၊ တိုးတက်မှုနှုန်းကို (၅.၉) ရာခိုင်နှုန်း သို့လည်ကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးရဲ့ ပါဝင်မှုအချိုးအစားကို (၃၉.၉) ရာခိုင်နှုန်း၊ တိုးတက်မှုနှုန်း (၄.၆) ရာခိုင်နှုန်း သို့လည်ကောင်း အသီးသီးပြောင်းလဲဖြစ်ပေါ် တိုးတက်စေရန် ရည်မှန်းထားကြောင်း ပြောကြားသည်။

ဆက်လက်ပြီးမြို့နယ် စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောသန္တာမျိုးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌမှ ဒေသန္တရစီမံကိန်းတာဝန်များကို စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်‌ရေးဦးစီးဌာန တို့အား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)