ပွင့်ဖြူမြို့နယ်၌ COVID – 19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ပြည်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာရန် ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း ပွင့်ဖြူမြို့အဝင်/အထွက်နေရာတွင် စုရပ်ပြုလုပ်၍ နှာခေါင်းစည်း မပါဘဲ အပြင်သွား လာသူများကို ဖမ်းဆီးအရေးယူခြင်းများ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ COVID – 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင် သွားလာရန် ကြပ်မတ်စစ်ဆေးခြင်းကို မြို့နယ် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများအဖွဲ့က အဖွဲ့(၂)ဖွဲ့ခွဲပြီး ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း မြို့အဝင် ထွေ/အုပ်ရုံးအနီးနှင့် မြို့အထွက် သမ္မာဆန္ဒကရုဏာရှင်လူမှုကူညီရေးအသင်းရုံး အနီးတို့တွင် စုရပ်ပြုလုပ်၍ နေ့စဉ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ကြပ်မတ်စစ်ဆေးရာတွင် မြို့တွင်းဖြတ်သန်းသွားလာသည့် မော်တော်ဆိုင်ကယ်များ ၊ သုံးဘီးဆိုင်ကယ်များ ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများအား ရပ်တန့်စစ်ဆေးကာ မြို့နယ်အတွင်း COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန် ၊ မလိုအပ်ဘဲ အပြင်သွားလာခြင်းများ မပြုလုပ်ကြရန် ၊ လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေ အကွာ နေထိုင်သွားကြရန် အသိပညာပေး ဆွေးနွေးဟောပြော၍ နှာခေါင်းစည်းမပါဘဲ အပြင်သွားလာသူများကို ဒဏ်ကြေးပေးဆောင်စေပြီး နှာခေါင်းစည်း ချက်ချင်းဝယ်ယူတပ်ဆင်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မြို့နယ်အတွင်း COVID – 19 ရောဂါ မဖြစ်ပွားစေရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံက သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)