ကသာ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လက်ရှိကူးစက်ပြန့်ပွား နေသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့ လမ်းမတော်လမ်းမကြီး၊ အ.ထ.က(၁)ကျောင်းရှေ့ရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်စည်းများ တပ်ဆင်ပြီး သွားလာရေး အသိပညာပေး Mask Campaign ပြုလုပ်ရာနေရာနှင့် ဘူတာဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား “COVID-19 မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့” အသိ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း၊ လက်ကမ်းစာစောင်တွင် COVID-19 ကို မိမိကစ၍ ကာကွယ်ပါ အဓိကသတင်းစကား (၁၀) ချက်နှင့် လိုက်နာရန်အချက်များ စသည့် COVID-19 ရောဂါဆိုင်ရာ ဆောင်ရန် ရှောင်ရန်အချက်များ ပါဝင်ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ကသာမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိ သူများကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်တွင် မြို့ရှိ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား မြို့ဝင်/ထွက်ဂိတ်တွင် နေ့စဉ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပြည်သူများအား နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများတပ်ဆင်ပြီး သွားလာရေးအသိပညာပေး Mask Campaign လုပ်ငန်းများကို တစ်ရက်ခြားတစ်ခါ မနက်တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲအောင်(ပြန်/ဆက်)