ရွှေတောင်မြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရွှေတောင် ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးများအသင်း Book Club အဖွဲ့ဝင်ဆရာကြီးဦးမြင့်ဦးက စနစ်တကျဖတ်ရှုမှတ်သားကြရန်နှင့် အတွေ့အကြုံကောင်းများရရှိစေရန် ထပ်ဆင့်မှာကြားခဲ့သည်။

ဆက်လက်၍ပြိုင်ပွဲသို့ တက်ရောက်လာသောကျောင်းသား/သူလေးများက အတွဲ ၁၉ အမှတ် ၇ ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသော ခေတ်သစ်ဆီသို့ ဆောင်းပါးဖြင့် ကျောင်းသား/သူ (၁၅) ဦး ဝင်ရောက်ယှဉ်၍ပြိုင်ခဲ့ကြပြီး အကောင်းဆုံးဖတ်ရှုဆွေးနွေးနိုင်သူ (၅)ဦးအား ပထမ ၊ ဒုတိယ ၊ တတိယနှင့် အထူးဆုနှစ်ဆု ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်လူရွယ်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်သို့လာရောက်၍ အသိပညာဗဟုသုတတိုးပွားစေရန်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်စေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)