ပွင့်ဖြူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်မည့် အလျားပေ ၁၂၀ ၊ အနံပေ ၃၀ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ(အ.လ.က)ကျောင်းဝန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသန်းနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်မည့်နေရာအား တာဝန်ရှိသူများက ပန္နက်တိုင်များစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင် ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၅၀၀ ခွင့်ပြုချထား ပေးခဲ့ပြီး အလျားပေ ၁၂၀ ၊ အနံပေ ၃၀ ရှိ Steel Structure အမျိုးအစား အုတ်ညှပ် ၊ သွပ်မိုး ၊ တမံသလင်းခင်း တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းဆောင်ဆောက်လုပ်ခြင်းကို ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ဒီဇင်ဘာလကုန်အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာ(အ.လ.က)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝေ ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )