မင်းဘူး ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးမှ တည်းခိုဆောင်များ ယခုလအပြီး ဖျက်သိမ်းပေးရန် ညွှန်ကြားထားကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ပြီး နစ်ဆန်း ၁ ရက်နေ့မှ စတင်ကာ အောက်ခြေတော်ရာ ဖန်အုပ်ဆောင်းနှင့် အထက်ခြေတော်ရာ သံတံခါးများ ပိတ်သိမ်းထားကြောင်း သိရသည်။
‘‘ကျွန်တော်တို့ မန်းရွှေစက်တော် ပါဒစေတီတော်များအနေနဲ့ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ ၃ လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး နှစ်ဆန်း ၁ ရက်နေ့ နောက်ပိုင်းမှာတော့ ပါဒစေတီတော်များမှ ဖန်အုပ်ဆောင်းနှင့် သံတံခါးများ ပိတ်ထားပြီး တည်းခိုဆောင်များနှင့် ဈေးဆိုင်များမှာ မိုးဦးကာလ တောင်ကျချောင်းရေများ၏ ရေကြီး ရေလျှံမှု အန္တရာယ်များ ဖြစ်ပေါလာနိုင်တာကြောင့် အနီးအနား ကျေးရွာများမှ လာရောက် ရောင်းချကြသော ဈေးဆိုင်များကို ရေလွတ်ရာသို့ ရွှေ့ဆောက်စေပြီး၊ တည်းခိုဆောင်များကိုတော့ ဖျက်သိမ်းထားရကြောင်း၊ သို့သော် ဘုရားဖူးလာ ပြည်သူများအနေနဲ့ ကုန်းတော်ပေါ်မှ အထက်စက်တော်ရာကိုတော့ တစ်နှစ်ပတ်လုံး ဖူးမြော်လို့ ရပါတယ်” ဟု ရွှေစက်တော် ဂေါပကဒုဥက္ကဋ္ဌ ဦးထွန်းဝေကပြောသည်။
ဇေယျာထက်(မင်းဘူး)