၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ် နည်းပြ (TOT) အွန်လိုင်း သင်တန်းသို့ ပြည်မြို့နယ်မှ သင်ကြားရေးဆရာ၊ ဆရာမ ၅၈ ဦး တက်ရောက် လေ့လာသင်ယူ

ပြည် ဧပြီ ၂၁

ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  Grade-5 သင်ရိုးသစ် နည်းပြ (TOT) အွန်လိုင်းသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ သင်ကြားရေးဆရာ၊ ဆရာမ ၅၈ ဦး တက်ရောက် လေ့လာသင်ယူ မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ သင်တန်း၌ Grade-5 ပဉ္စမတန်းသင်ရိုးသစ်တွင် ပါဝင်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ ကာယ အစရှိသည့် ဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို နိုင်ငံတစ်ဝန်းတက္ကသိုလ် အသီးသီးမှ ပါမောက္ခဌာနမှူးများအပါအဝင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက ယခုလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အွန်လိုင်း Video conferencing စနစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ပြည်မြို့နယ်အနေဖြင့် ယနေ့သင်ကြားပို့ချသည့် မြန်မာစာဘာသာရပ်တွင်  မြို့နယ်ပညာရေးမှူးရုံးခန်း၌  Video conferencing ဖြင့် တက်ရောက်သူ ဆရာ၊ ဆရာမ ၁၀ ဦး အပါအဝင် နေ့ရက်အလိုက် ဆက်လက်ပို့ချမည့် အင်္ဂလိပ်စာဘာသာရပ်တွင် ၁၀ ဦး၊ သင်္ချာ ၁၁ ဦး၊ သိပ္ပံ ၉ ဦး၊ လူမှုရေး ၉ ဦး၊ စာရိတ္တနှင့်ပြည်သူ့နီတိ ကာယ ၉ ဦး၊ စုစုပေါင်း ၅၈ ဦး တက်ရောက်ကြောင်းနှင့် ယင်းသင်တန်း တက်ရောက် ပြီးမြောက်သည့်  ဆရာ၊ ဆရာမ ၅၈ ဦးဖြင့် မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဆင့်ပွားသင်တန်းဖွင့်လှစ်၍ မြို့နယ်အတွင်း Grade-5 သင်ကြားရေးဆရာ၊ ဆရာမ ၈၄၈ ဦးအား ဘာသာရပ်များအလိုက် သင်ရိုးညွှန်းတမ်းသစ်များကို ပြန်လည်မျှဝေ သင်ကြားပို့ချ ဆောင်ရွက် မည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်ထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)