ပွင့်ဖြူ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲ ဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေကို မတ်လ(၁)ရက်နေ့ကစပြီး တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆည်ရေရရှိသည့်အချိန်တွင် နွေသီးနှံစိုက်ပျိုးဧက လျာထားချက် ပြည့်မီရေးအတွက် မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ခြင်း၊ မြေဩဇာကျွေးခြင်းနှင့် အမှိုက်သရိုက်နှင့် ပေါင်းများ ရှင်းလင်းခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကာ နွေနှမ်းကို အချိန်မီ စိုက်ပျိုးခဲ့ကြသဖြင့် ယခုအခါ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကာ သီးနှံအထွက်နှုန်း ကောင်းမွန်ရေးအတွက် မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းလုပ်ငန်းနှင့် ပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်နေကြကြောင်း သိရသည်။
"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အပင်ပေါက်ကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဒါပေမယ့် ယခုရက်ပိုင်း ရာသီဥတု အပူချိန်မြင့်တက်မှုကြောင့် နွေနှမ်းစိုက်ခင်းများ ထိခိုက်ပျက်စီးမှုမရှိအောင် ဒေသခံ တောင်သူများက ရေစုပ်စက်များဖြင့် နွေနှမ်းစိုက်ခင်းများကို နေ့စဉ် ရေဖျန်းပေးနေရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ နွေသီးနှံစိုက်ပျိုးရာသီမှာ နွေစပါးရော နွေနှမ်းရော (၂)မျိုးလုံးကို စိုက်ပျိုးပါတယ်။ ဒီနှစ်မှာတော့ ဆည်ရေအဝင်နည်းတဲ့အတွက် နွေနှမ်းအတွက်ကိုပဲ ဆည်ရေပေးဝေနိုင်တာဖြစ်လို့ တောင်သူတွေက နွေနှမ်းကိုပဲ အားထားစိုက်ပျိုးကြပါတယ်။ ကျွန်တော်တို့ ဒေသဟာ နွေစပါးရော နွေနှမ်းရော စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု ရှိတာဖြစ်လို့ သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့အတွက်ကိုပဲ မျှော်လင့်ပါတယ်" ဟု ပွင့်ဖြူ မြို့နယ် ကံသာကြီးကျေးရွာမှ နွေနှမ်းစိုက်ပျိုးတောင်သူ ဦးသန်းအေး က ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက၊ မင်းဘူး (စကု)မြို့နယ်အတွင်းရှိ အိုင်းမရေလွှဲဆည်ရေဖြင့် ဧက ၅၀၀၊ စုစုပေါင်း နွေနှမ်းစိုက်ပျိုးဧက ၆၀၉၂၈ ဧကလျာထား စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)