ကြာအင်းဆိပ်ကြီး ဧပြီ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီ ခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် မိမိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် အဆိုပါ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ် အိုမီခရွန် ရောဂါတွင် ကိုဗစ်ကူးစက်ခံရဖူးသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်းလျော့ချနိုင်ခြင်း၊ ကလေးများနှင့်အသက် ၃၀ နှစ်အောက် လူငယ်များ တွင် ပိုမိုကူးစက်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာနေထိုင် ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန် ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ဆောင်ရန်/ရှောင်ရန်နည်းလမ်းများနှင့် ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများအကြိမ်ရေပြည့် ထိုးနှံနိုင်စေရေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးများဆက်လက်ထိုးနှံနိုင်စေဖို့အတွက် အသိပညာပေး တိုက်တွန်းနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)