အောင်လံ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၈)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီနေထိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စျေးဆိုင်များ၊ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန် ပညာပေးခြင်း၊ တာဝန်ရှိသူများ က အထူးကြပ်မတ်စစ်ဆေးပြီး စည်းကမ်းလိုက်နာမှုမရှိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အဆင့်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကအလိုက်ဆောင်ရွက်မည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
မျိုးသိန်း(ပြန်/ဆက်)