မြောင်းမြမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသောသူများအား စစ်ဆေး၍ ကိုဗစ်ကာကွယ်ဆေး ချက်ချင်းထိုးနှံပေး

မြောင်းမြ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ရာခိုင်နှုန်းပြည့် ထိုးနှံပြီးစီးမှု ရှိစေရေးအတွက် မြို့ဝင်ဂိတ်နှင့် ရပ်ကွက်ကျေးရွာများသို့ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ကွင်းဆင်းစစ်ဆေး၍ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသော သူများအား ယမန်နေ့က လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ကာကွယ်ဆေးထိုးနှံရာတွင် မြောင်းမြမြို့ဝင်ဂိတ် ခရီးသည်များနှင့် အခွန်လွတ် စျေးသူ စျေးသားများအား စစ်ဆေး၍ လည်းကောင်း၊ ရွှေဗုဒ္ဓေါဘုရားဝန်းအတွင်းနှင့် ရေယာဉ်ရုံးရှေ့တွင် စုရပ်လုပ်၍လည်းကောင်း၊ ဘုရားငုတ်တို၊ မုဆိုးကွင်းကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍လည်းကောင်း ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံဖူးသေးသောသူများကို ကျန်းမာရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အခြားဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့အစည်းများက လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)