မြောင်းမြ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာစေရန်အတွက် ရည်ရွယ်၍ လူငယ်လူရွယ် စာပေဝါသနာရှင်များ Youth Club အဖွဲ့ကို ဖိတ်ခေါ်၍ သုတကမ္ဘာဂျာနယ်တွင် ပါရှိသည့် စာရေးဆရာ ဝင်းဇော်(သုံးဆယ်) ရေးသားသည့် “လူတိုင်းထံက ပညာဆည်းပူး၍ ထူးချွန်အောင်လုပ်ဆောင်ပါ” ဆောင်းပါးအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Youth Club အဖွဲ့နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး စာပေဖတ်ရှုခြင်းဖြင့် စာပေမှကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ပညာကို အရွယ်မရွေး လေ့လာဆည်းပူးနေရမှာဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီက အတွေ့အကြုံများကို လေ့လာမှတ်သားပြီး မိမိဘဝတိုးတက်ရေးအတွက် အသုံးချရမှာဖြစ်ကြောင်း၊ လုပ်ငန်းခွင်အတွေ့အကြုံ၊ ဒေသန္တရအတွေ့အကြုံ၊ လူမှုဘဝအတွေ့အကြုံ စသည်ဖြင့် လေ့လာသိရှိ မှတ်သားစရာများစွာရှိကြောင်း၊ ကြီးပွားလိုသူတိုင်း လူတစ်ယောက်ချင်းစီ၏ အတွေ့အကြုံ အရည်အချင်းများကို လေ့လာမှတ်သားပြီး မိမိဘဝတိုးတက်ရေးအတွက် မှန်မှန်ကန်ကန် အသုံးချတတ်ကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ပြီး၊ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော လူငယ်များက ဆောင်းပါးပါ ရေးသားဖော်ပြချက်များအား စိတ်ပါဝင်စားစွာဖြင့် အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ရူပါအေး(ပြန်/ဆက်)