ဘားအံ ဧပြီ ၂၁
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့တွင် တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများအား ယမန်နေ့နံနက် ၁၀ နာရီ ခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်များတွင် တက်ရောက်ခဲ့သူများသည် နိုင်ငံတော်အတွက်ကျရာဏ္ဍမှ သက်ဆိုင်ရာဌာန နယ်ပယ်ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ကျရာ အခန်းကဏ္ဍမှ ကျရာတာဝန်ကို ထမ်းဆောင်နိုင်ရန် ကျောင်းတော်ကြီးမှ ဘက်ပေါင်းစုံလေ့ကျင့် မွေးထုတ်ပေးလိုက်မည်ဖြစ်ကြောင်း၊ ကျောင်းဆင်းသည်နှင့် အလုပ်ဌာနများတွင် တိုက်ရိုက် ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့်ရကြပြီး နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ မဆုတ်မနစ်သောလုံ့လဖြင့် ပညာရေးပန်းတိုင်ပြီးဆုံးသည့်ထိ သင်ယူမှတ်သား လေ့လာကြဖို့လိုမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များပြန်လည်ထမ်းဆောင်ကြရာတွင်လည်း မိမိ၏ နိုင်ငံအကျိုး၊ ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် ထူးချွန်သည့် သားကောင်းသမီးကောင်းများဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူ ၄၂ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀(ငါးသောင်း)နှုန်းဖြင့် ငွေကျပ် ၂၁၀၀၀၀၀(နှစ်ဆယ့်တစ်သိန်း)၊ ကြီးကြပ်ဆရာ၊ဆရာမ(၄)ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀(သုံးသောင်း)နှုန်းဖြင့် ငွေကျပ် ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း) စုစုပေါင်းငွေကျပ် ၂၂၂၀၀၀၀(နှစ်ဆယ့်နှစ်သိန်းနှစ်သောင်း)တိတိကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးအဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ အားပေးစကားများပြောကြားသည်။
ယနေ့ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(၅)နှစ် တက်ရောက်မည့်ကျောင်းသားကျောင်းသူ ၁၈ ဦး၊ AGTI စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ၃နှစ် တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူ ၁၁ ဦး၊ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း) ၄ နှစ်တက်ရောက်မည့် ကျောင်းသားကျောင်းသူ ၁၄ ဦး စုစုပေါင်း ၄၂ ဦးဖြစ်ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)