ပုဗ္ဗသီရိမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး အမိုးလန်ပျက်စီး၍ နေအိမ်(၃)လုံး ပြိုလဲ ပျက်စီး

ပုဗ္ဗသီရိ၊ ဧပြီ  ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယနေ့ညပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး အမိုးလန် ပျက်စီးပြီး၊‌ ‌နေအိမ်(၃)လုံးပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဖြုတ်ခွဲကျေးရွာအုပ်စုတွင် နေအိမ် (၂)လုံးပြိုလဲပြီး နေအိမ်(၁)လုံး အမိုးလန်ပျက်စီး၊ သပြေတန်းကျေးရွာအုပ်စုတွင် နေအိမ် (၁)လုံးပြိုလဲပြီး လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီး၊ ဆင်တဲကြီး(မြောက်)ရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီး၊ ရတနာဒီပရပ်ကွက်တွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီး စုစုပေါင်းလူနေအိမ်(၄)လုံး အမိုးလန်ပျက်စီးပြီး၊ နေအိမ်(၃)လုံး ပြိုလဲပျက်စီးခဲ့ပြီး ဝဏ္ဏဒီပရပ်ကွက် ဂန္တမာလမ်းနှင့် ဇဝနဒီပရပ်ကွက် စကားဝါလမ်းများ၌ သစ်ပင်များ ပြိုလဲမှုတို့ကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။ လေဘေးသင့် အိမ်‌ထောင်စုဝင်များအား  ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များနှင့် ရပ်မိရပ်ဖများက ပြန်လည် နေထိုင်နိုင်ရန် ကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက် )