ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ နေရပ်ပြန်များထားရှိရာနေရာသို့ သွားရောက်စစ်ဆေး

ဂန့်ဂေါ စက်တင်ဘာ ၂

နေရပ်ပြန်များကို အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် အသွားအလာကန့်သတ်သည့်နေရာ အဖြစ်ထားရှိရာမှ ပိုမိုကျယ်ပြန့်စွာနေထိုင်နိုင်ရန်  ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ သာသနာ့ ရိပ်သာတွင် စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ တိုးချဲ့ထားရှိကြောင်း သိရသည်။

အဆိုပါထားရှိရာနေရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အေးနှင့် မြို့နယ်အဆင့် ကော်မတီဝင်များတို့က ယမန်နေ့ နေ့လည် ၂ နာရီအချိန်က Mask (၃)ဗူးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ ထောက်ပံ့လှူဒါန်း ခဲ့ပြီး လိုအပ်သည်များကို မှာကြားသွားကြောင်း သိရသည်။

အဆိုပါသာသနာ့ရိပ်သာမှာ လက်ရှိ၌ နေရပ်ပြန်(၅၂)ဦးထားရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့်ကော်မတီဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များတို့က နေရပ်ပြန်များ စားဝတ်နေရေး အပါအဝင် လုပ်ငန်းလိုအပ်သည်များအား ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)