အုတ်တွင်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဖွင့်လှစ်

အုတ်တွင်း ဧပြီ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း အခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက် များ ပြောကြားခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ချိုက ကြက်ခြေနီတပ်ဖွဲ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံ အဆင့်ဆင့်နှင့် ကြက်ခြေနီတပ်ဖွဲ့၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒု-မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခင်ဖုန်းမြင့်မှ ရှေးဦးသူနာပြုစုနည်း သင်တန်းပို့ချမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး၊ အဆိုပါသင်တန်းသို့ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ဧပြီ ၂၀ ရက်မှ ဧပြီ ၂၂ ရက်နေ့ထိ အခမဲ့ စာတွေ့၊လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။

 ခင်ခင်မာ(ပြန်/ဆက်)